December 21, 2024
General Knowledge

အောင်မြင်ချင်တယ်…အပျင်းကလည်းကြီးနေတယ်…ဘယ်လိုလုပ်ရမလဲ..?

လူတော်တော်များများက အောင်မြင်ချင်ကြတယ်၊ တော်ချင်ကြတယ်၊ နယ်ပယ်တစ်ခုမှာ နေရာလေး တစ်ခုလောက်တော့ ပိုင်ဆိုင်ချင်ကြတယ်၊ ထပ်ပေါင်းပြောရရင် ကိုယ်ကျင်လည်ရာနေရာမှာရှိတဲ့ လူတွေရဲ့ အသိအမှတ်ပြုခြင်းကို ခံချင်ကြတဲ့ သူတွေကြီးပါပဲ…

ဒါပေမယ့်လည်း အဲ့လိုလူတွေကပဲ အလုပ်မလုပ်ပဲ ပျင်းရိနေတတ်ကြတာပါပဲ။

ပျင်းရိခြင်းက လူတွေရဲ့ အောင်မြင်မှုအတွက် အဓိက ရန်သူဖြစ်ပါတယ်။ အောင်မြင်ချင်တယ်၊ တော်ချင်တယ်ဆိုရင်တော့ ပျင်းတတ်တဲ့ အကျင့်ကိုဖျောက်… ကြိုးစားပြီး တစ်စိုက်မက်မက် ကိုယ်လုပ်ချင်တဲ့ အရာကို တစ်ဆင့်ပြီးတစ်ဆင့် ပုံမှန်လုပ်မှသာ တိုးတက်ပြောင်းလဲလာမှာပါ။

အပျင်းတစ်ပြီး လုပ်စရာရှိတာ မလုပ်ပဲ ယောင်နေတတ်တဲ့ ကိုယ့်ကိုယ်ကို ပြင်ဖို့ ဒီအချက်လေးတွေက အထောက်အကူ ဖြစ်မှာပါ။


၁။ ကိုယ်ပိုင် အချိန်ဇယား ဆွဲပါ။

တစ်ရက်၊ တစ်ရက် အချိန်တွေ ဒီတိုင်း ကုန်သွားတာထက် ဘယ်လို ကုန်ဆုံးရမလဲဆိုတာကို အချိန်ဇယားလေး ဆွဲသင့်ပါတယ်။ ဒီလိုဆွဲတဲ့အခါမှာလည်း ကိုယ်ဖြစ်ချင်တာတွေကိုပဲ မဆွဲပါနဲ့။ ဖြစ်နိုင်တာတွေ၊ ဖြစ်သင့်တာတွေပါ ထည့်ဆွဲ ပေးသင့်ပါတယ်။

( ဥပမာ အနေနဲ့ ကိုယ်က စာမေးပွဲအတွက် စာလုပ်ဖို့ အချိန် ဇယားဆွဲတဲ့ အခါ စာလုပ်တဲ့အချိန်တွေအပြင် ဖုန်းသုံးတဲ့အချိန်တွေ၊ နားရမဲ့အချိန်တွေ၊ ရေချိုးတာတို့၊ ထမင်းစားတဲ့ အချိန်တို့ပါ ထည့်သွင်း ရေးဆွဲသင့်ပါတယ်)


၂။ Social Media App တွေ သုံးတဲ့အချိန်တွေကို လျော့ပါ။ (ဖုန်းသုံးတာ လျော့ပါ)

Social Media လို့ ပြောလိုက်ရင် Facebook ကတော့ အဓိကပေါ့ဗျာ။ ထပ်ပြီးရှိတာကတော့ Instagram, Tittok စသဖြင့်ပေါ့။

လူတွေက Social Media App တွေပေါ်မှာ မိမိရဲ့အဖိုးတန်တဲ့ တစ်ရက်တာ အချိန်တော်တော်များများကို အလကားကုန်ဆုံးကြပါတယ်။ မိုးလင်းတာနဲ့ ဖုန်းကို စကိုင်လိုက်တာ အိပ်တဲ့အချိန် အထိပါပဲ။

အောင်မြင်ချင်တယ်တာ အော်နေကြတာ လုပ်စရာရှိတဲ့အလုပ်ကို မလုပ်ပဲ Facebook ပဲ ပွတ်နေကြပါတယ်။ လုံး၀ မသုံးနဲ့လို့တော့ မဟုတ်ဘူးပေါ့ဗျာ။ Facebook ပွတ်တဲ့အချိန်တော်တော်များများကို ကိုယ်လုပ်ချင်တဲ့၊ လုပ်သင့်တဲ့ အရာတွေ အတွက် အချိန်ဇယားလေး ဆွဲပြီး ကုန်ဆုံးလိုက်ရင် တဖြည်းဖြည်း တိုးတက် အောင်မြင်လာမှာပါ။


၃။ တရားထိုင်ပါ။

လူတွေ ပျင်းရတဲ့အဓိကအကြောင်းအရင်းက ဘာလုပ်ရမလဲဆိုတာ သိတာတောင် အာရုံမစိုက်နိုင်လို့ပါ။ဂနာမငြိမ်တဲ့စိတ်တွေက အောင်မြင်မှုရဲ့ အတားအဆီး တစ်ခုပါ။ Focus ( အာရုံစူးစိုက်မှု) ကောင်းဖို့ အတွက် စိတ်ငြိမ်ပြီး စိတ်ကြည်လင်နေဖို့ လိုပါတယ်။ အဲ့လိုကောင်းဖို့ အတွက် အကောင်းဆုံးကတော့ တရားထိုင်တာပါပဲ။ ကုသိုလ်လည်းရသလို ကျန်းမာရေးအတွက်လည်း အလွန် အထောက်အကူဖြစ်စေပါတယ်။


၄။ Commitment ရှိပါ။

လူတွေမအောင်မြင်ရတဲ့ နောက်တစ်ချက်က လုပ်မယ်ဆိုပြီး ပြောထားတဲ့အရာ၊ ကတိပေးထားတဲ့အရာကို ပြီးအောင် မလုပ်ဖြစ်ကြတာပါ။

သင်တန်းတွေ အများကြီးတက်တယ်။ပေးထားတဲ့ Projectတွေကို ပြီးအောင်လုပ်မယ် ပြောပြီး မလုပ်ကြပါဘူး။ ဒါ့ကြောင့်လည်း မအောင်မြင်ကြတာပါ။ Commitment ရှိခြင်း၊ မရှိခြင်းက သင့်ရဲ့ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။

အခုပြောပြသွားတဲ့အချက်လေးတွေကို အသုံးပြုပြီး ကိုယ့်ရဲ့ အကျင့်လေးတွေကို ပြင်လိုက်မယ်ဆိုရင် သင့်ကို အောင်မြင်တဲ့သူတစ်ယောက်အဖြစ် တဖြည်းဖြည်း ပြောင်းလဲလာစေမှာ မလွဲဧကန်ပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *