December 21, 2024
Book Review

One Plus One Equal Three (တစ် + တစ် = သုံး)

ဒီတစ်ပတ် Ant Spirit Page ရဲ့ Book Review မှာတော့ Dave Trott ရေးသားပြီး ဆရာ ချမ်းမြေ့ဝင်း ဘာသာပြန်ဆိုထားတဲ့ One Plus One Equal Three (တစ် + တစ် = သုံး) ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။

ဒီ စာအုပ်ဟာဆိုရင်ဖြင့် Creative Thinking ကောင်းအောင် ဘယ်လိုလုပ်ရမယ်ဆိုတာထက် ဖန်းတီးတီထွင်နိုင်စွမ်းတွေကို အထိရောက်ဆုံး အသုံးချသွားခဲ့တဲ့ လူတွေရဲ့ ဇာတ်လမ်းတွေကို ပေါင်းစုထားတဲ့ စာအုပ်လေးပဲဖြစ်ပါတယ်။

စာအုပ်လေးထဲက အကြောင်းအရာလေးတွေကို ဖတ်လိုက်၊ ခဏလေးနားပြီး ကိုယ်တိုင်လိုက်ပါ စဉ်းစားပြီး ဒါကြောင့် ဒီလိုလေး လုပ်ကြတာ၊ ဘယ်လိုလေးပါ ထပ်ပေါင်း လုပ်လိုက်ရင် ပိုကောင်းမယ်ဆိုပြီး ဉာဏ်ကွန့်မြုးလို့ အထူးကောင်းမွန်တဲ့ စာအုပ်လေးပါ။

တစ်ထိုင်ထဲ ဖတ်ဖို့တော့ မသင့်ပါဘူးနော် မိတ်ဆွေ။ ဖတ်လိုက် စဉ်းစားလိုက် လုပ်မှ ဖတ်ရတာ ပို အရသာ ရှိစေတဲ့ စာအုပ်လေးပါ။

စာအုပ်လေးထဲ Admin အကြိုက်ဆုံး ခေါင်းစဉ်လေး ဖြစ်တဲ့  “ပမာ သူဖုန်းစား” ဆိုတဲ့ အကြောင်းအရာလေးကိုပြောပြပေးပါ့မယ်။

စာရေးဆရာ Dave Trott က အမေရိကန် သူတောင်းစား တစ်ယောက် လမ်းဘေးပလက်ဖောင်း မှာ ထိုင်နေတာကို ဓာတ်ပုံတစ်ပုံထဲမှာ တွေ့တယ်။ ဒါပေမယ့် အဲ့ဓာတ်ပုံက ထူးခြားနေတာကို သူ သတိထားမိတယ်။ သူတောင်းစားက သူ့ရှေ့မှာ ခွက်တွေကို တန်းစီချထားတယ်။ ခွက်တွေမှာလည်း အစ္စလမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ဘာသာမဲ့ ဝါဒီ ဆိုပြီးတော့ တံဆိပ်တွေတပ်ထားတယ်။

အဲ့ခွက်တွေရဲ့ ဘေးနားမှာလည်း ကတ်ပြားတစ်ပြားထောင်ထားသေးတယ်။ ကတ်ပေါ်မှာ ရေးထားတာက “အိမ်ယာမဲ့တွေကို ဘယ်ဘာသာဝင်တွေက ပိုဂရုစိုက်သလဲ”..တဲ့။

အဲ့ သူတောင်းစားက ကြော်ငြာသဘောသဘာဝကို နားလည်တဲ့သူ၊ လူအလေ့အထ ဘောဂဗေဒကိုလည်း သဘောပေါက်တဲ့သူလို့ပဲ ပြောရမယ်။

သူ ဘာလိုချင်တယ်ဆိုတာကို ပြောမယ့်အစား သူ့ပရိသတ်တွေ ဘာလိုချင်သလဲ ဆိုတဲ့ အပေါ်မှာ ပိုအာရုံစိုက်တယ်။

ကြော်ငြာ မာကတ်တင်း ဗျူဟာ တစ်ခု ဖန်တီးတော့မယ်ဆိုရင်လည်း ဒီလိုပဲ စဉ်းစားရပါတယ်။

ဘာလိုချင်တာလဲ။ဘယ်သူ့ဆီက လိုချင်တာလဲ။

ဒီသူဖုန်းစား လိုချင်တာက အလှူငွေ။

ဘယ်လို အရာမျိုးက လှူချင်တန်းချင်စိတ်ကို ဆွပေးသလဲ။

သနားကြင်နာတဲ့စိတ်ဓာတ်။

ဘယ်သူတွေက သနားကြင်နာတတ်သလဲ။

ဘာသာတရား ကိုင်းရှုင်းသူတွေက ပိုပြီး သနားကြင်နာတတ်တယ်။

ဟုတ်ပြီ။ဒါဆို ဘယ်သူက ပိုပြီးသနားတတ်သလဲ ဆိုတဲ့ ပြိုင်ပွဲတစ်ခုကို ဒီသူတောင်းစားက ဖန်တီးပေးလိုက်တယ်။

လူတိုင်းကတော့ ကိုယ် ကိုးကွယ်တဲ့ ဘာသာဟာ သနားကြင်နာမှု အရှိဆုံး ဘာသာအဖြစ် ယုံကြည်ချင်ကြတာပဲ။သက်သေပြချင်ကြတာပဲ။

ခင်ဗျား ဘာသာက ပိုပြီး သနားကြင်နာတတ်သလား။ ဒါဆိုရင် ခွက်ထဲကို ပိုက်ဆံထည့်။

ဘယ်ခွက်ထဲမှာ ပိုက်ဆံ ဘယ်လောက် ရှိနေပြီလဲ ဆိုတာကိုလည်း ဖြတ်သွား ဖြတ်လာ လူတိုင်းက မြင်နေရမယ်။ ဘယ်သူ နိုင်နေသလဲဆိုတာ အတိုင်းသား ပေါ်နေတယ်။

ရလာဒ်ကို ပြောင်းစေချင်သလား။ ပိုက်ဆံထည့်။

တစ်နေ့ကုန်သွားတော့  ခွက်ထဲက ပိုက်ဆံတွေကို သူတောင်းစားက သူ့အိတ်ထဲ ပြောင်းထည့်လိုက်တယ်။

နောက်တစ်ရက်မှာ ပြိုင်ပွဲ အစကနေ ပြန်စပြန်တယ်။

တကယ်က ရှင်းပါတယ်။

၁။ခင်ဗျား ဘာလိုချင်တာလဲ။

၂။ဘယ်သူ့ဆီက လိုချင်တာလဲ။

၃။သူတို့က ဘာကိစ္စ ခင်ဗျားကို ပေးရမှာလဲ။ ( သူတို့အတွက် ဘာပြန်ရမှာလဲ။)

ဒီအချက် (၃)ချက် ကို ပေါင်းထည့်လိုက်ရုံနဲ့ … ဒီသူတောင်းစားရဲ့ ဗျုဟာက တော်တော်လေး အလုပ်ဖြစ်နေပြီ။

ကဲ…အကြောင်းအရာလေးက ဘယ်လောက် ကောင်းလိုက်လဲ…

၁။ကိုယ့် target ကို သိတယ်၊

၂။လူတွေရဲ့ touch pointတွေကိုလည်း နားလည်တယ်၊

၃။ဘယ်လို အသုံးချရမလဲလည်း နားလည်တော့ သူတောင်းစားပေမယ့်လည်း သူများတွေထက် ပိုသာသွားတာပေါ့။

ဒီလို စဉ်းစားတွေးခေါ်ရပြီး အနှစ်တွေကြီးပဲပါတဲ့ စာအုပ်ဖြစ်လို့ မိတ်ဆွေတိုင်း ဖတ်သင့်ပါတယ်။

ဖတ်ဖို့လည်း  Recommend ပေးပါတယ်နော်။

 Dave Trott ရေးသားပြီး ဆရာ ချမ်းမြေ့ဝင်း ဘာသာပြန်ဆို ထားတဲ့ One Plus One Equal Three (တစ် + တစ် = သုံး) ဆိုတဲ့ စာအုပ် ထဲမှ အကြောင်းအရာ တစ်ချို့ကို ဖော်ပြထားတဲ့ အတွက်လည်း ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး နှင့် ဆရာ ချမ်းမြေ့ဝင်း ကိုလည်း Credit ပေးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *