လူတော်တော်များများက ကော်ဖီသောက်ရတာကို ကြိုက်ကြပါတယ်။
အထူးသဖြင့် စိတ်ကူးဉာဏ်တွေ ကွန့်မြူးပြီး လက်တွေ့အကောင်အထည်ဖော်ရတာကို ကြိုက်တဲ့ သူတွေ အနေနဲ့ပေါ့။
ကော်ဖီက လူတွေရဲ့ နေ့စဉ်ဘဝမှာ အမြဲပါဝင်နေတာကိုတော့ သင် ငြင်းမယ် မထင်ပါဘူး။
( ကော်ဖီ လုံး၀ မကြိုက်တဲ့ သူတွေတော့ မပါဘူးပေါ့ဗျာ)
လူတွေအများစု ကော်ဖီ ကို ဘယ်အချိန်တွေမှာ သောက်သလဲဆိုတာရယ်၊ ဘယ်အချိန်တွေမှာ ကော်ဖီ သောက်သင့်တယ်ဆိုတာကို ကျွန်တော် ပြောပြပေးသွားပါမယ်။
၁။ များသောအားဖြင့် လူတွေက မနက်ခင်း အချိန်တွေမှာ ကော်ဖီ ကို သောက်တတ်ကြပါတယ်။
ကော်ဖီ မှာ ပါတဲ့ Caffeine ဓာတ်က လူတွေအတွက် တစ်ရက်တာ လိုအပ်တဲ့ တက်ကြွလန်းဆန်းမှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် နေ့သစ်ရဲ့ ရှုပ်ထွေးလှတဲ့အလုပ်တာဝန်တွေ မစတင်ခင်မှာ သောက်သုံးခြင်းဟာ ထိုတစ်နေ့တာလုံးအတွက် လုံလောက်တဲ့ အားအင်းတွေနဲ့ တက်ကြွလန်းဆန်းမှု တွေ ကို ပေးစွမ်းနိုင်မှာပါ။
၂။ မိုးအေးအေးလေးနဲ့ ကော်ဖီပူပူလေး သောက်ပြီး စာအုပ်ဖတ်တတ်တဲ့သူတွေထဲမှာရော သင် ပါပါသလား။
မိုးအေးလို့ ချမ်းချမ်းနဲ့ စောင်ခြုံပြီး ကွေးတတ်တဲ့သူတွေ ရှိသလို၊ တစ်ချို့ကျတော့ ကော်ဖီပူပူလေး တစ်ခွက်ရယ်၊ စာအုပ်လေး တစ်အုပ်ရယ်၊ လွမ်းဆွေးဖွယ် အတွေးစလေး တစ်ခုရယ် နဲ့ နွေးထွေတဲ့ ကိုယ်ပိုင် ကမ္ဘာလေးတစ်ခု ကို ဖန်တီးပြီး ကျေနပ်ကြတဲ့လူတွေလည်း ရှိကြပါတယ်။
“မိုးစက်တွေကြားထဲ ဆွေးမြေ့နေတဲ့ သင့် စိတ်နှလုံးသားလေးကို ကော်ဖီပူပူလေးတစ်ခွက်က နွေးထွေးမှုကို ပေးစွမ်းနိုင်ပါတယ်”
၃။ ကျောင်းစာပဲ ဖြစ်ဖြစ်၊ အလုပ်တာဝန်တွေကိုပဲ ဖြစ်ဖြစ် အာရုံစိုက်ဖို့ လိုတဲ့ အချိန်တွေ မှာ ကော်ဖီက အကောင်းဆုံ အဖော်မွန်ပါပဲ။
ကျောင်သူ/ ကျောင်းသားတွေ စာမေးပွဲ နီးတဲ့ ညတွေမှာ ကော်ဖီတွေ တစ်ခွက်ပြီး တစ်ခွက် သောက်ရင်း စာကျက်မှတ်ခဲ့ရတဲ့ ညတွေဟာ အမှတ်တရ ဖြစ်နေကြမှာပါ။ စာမေးပွဲက နီး၊ စာတွေက မရသေး၊ အိပ်ကလည်း အရမ်း အိပ်ချင်၊ ဘာလုပ်ရမှန်း မသိတဲ့ ညတွေမှာ လက်ဖက်သုပ်တွေသုပ်စား၊ ကော်ဖီတွေဖျော်သောက်ပြီးတော့ တစ်ယောက်ထဲ စာကျက်တဲ့သူတွေက ကျက်ကြ၊ သူငယ်ချင်းတွေ ဝိုင်းဖွဲ့ပြီး စာကျက်သူတွေက ကျက်ကြ၊ ငြင်းကြခုံကြနဲ့ ပျော်စရာ အမှတ်တရတွေကို လူတိုင်းလိုလို တွေးမိကြမှာပါ။
အလုပ်ထဲမှာလည်း အလုပ်ထဲမှာမို့ ဆန်းသစ်ပြီး ထူးခြားတဲ့ အတွေးအခေါ်တွေရအောင်၊ ပေးလိုက်တဲ့ တာဝန်တွေ အပေါ်မှာလည်း အာရုံစိုက်ပြီး ကျေပွန်စွာ လုပ်ဆောင်နိုင်အောင် ကော်ဖီပူပူလေးတစ်ခွက်ကသင့်ရဲ့ အားအင်းတွေကို တိုးမြှင့်ကာ အောင်မြင်အောင် ကူညီပေးနိုင်တာပေါ့။
၄။ စိတ်ဓာတ်ကျတဲ့ အချိန်၊ စိတ်ညစ်နေတဲ့ အချိန်မှာ ကော်ဖီကို သောက်သုံးသင့်ပါတယ်။
လူတွေရဲ့ စိတ်ခံစားချက်တွေဟာ လွယ်လွယ်နဲ့ ပြောင်းလဲတတ်ကြပါတယ်။ ဒါပေမယ့် စိတ်ညစ်လာတဲ့အခါ၊ စိတ်ဓာတ်ကျတဲ့ အခါ တော်တော်နဲ့ ပြောင်းလဲဖို့ ခဲရင်းပါတယ်။ ဒါကြောင့် တက်ကြွလန်းဆန်းမှု ကို ပေးစွမ်းနိုင်တဲ့ ကော်ဖီ တစ်ခွက်ကို အခုလိုအချိန်မှာ သောက်သုံးခြင်းဖြင့် စိတ်စွမ်းအင်းကို အကောင်းဆုံးပြန်လည်တည်ဆောက်သင့်ပါတယ်။
မှတ်ချက် အနေနဲ့ –
ကော်ဖီ သောက်တတ်တဲ့ Night Owl တွေ အနေနဲ့ ကော်ဖီသောက်ရင် အိပ်မပျော်ဘူးဆိုရင်တော့ ညဘက်တွေမှာ မသောက်သုံးသင့်တော့ပါဘူး။ အိပ်ချိန် ပုံမှန်ရှိမှာ နောက်နေ့ မနက် အသစ်တွေဟာ အားအင်းအပြည့်နဲ့ တက်ကြွလန်းဆန်းနေမှာပါ။